Uber က မြန်မာအမျိုးသမီး ဒေါ်အိဖြူလွင်ကို မြန်မာနိုင်ငံဆိုင်ရာအထွေထွေမန်နေဂျာအဖြစ် ဇူလိုင်လ ၆ ရက်နေ့က ခန့်အပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ Uber  ခရီးစဉ်မှာ အဓိကမှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်ပြီဖြစ်ပါတယ်။

 

Uber ရဲ့ ဒေသဆိုင်ရာခေါင်းဆောင်မှုပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ အဖွဲ့အင်အားတိုးချဲ့ရာတွင် အဓိကအဖွဲ့ ဝင်တစ်ဦးအဖြစ် ပါဝင်လာသူ ဒေါ်အိဖြူလွင်ဟာ Uber ၏ အသစ်လွင်ဆုံးဈေးကွက်တည်ရှိရာ မြန်မာပြည်မှာ တိုးတက်လာတဲ့ ဈေးကွက်အခြေအနေတွေကို ဗျူဟာကျပူးပေါင်းဆောင်ရွက်မှုများနဲ့ နိုင်ငံသားများအတွက် ရင်းနှီးမြှုပ်နှံမှုများ၊ ခရီးသည်များနှင့် ယာဉ်မောင်းများ၏ အတွေ့အကြုံကောင်းများမှတစ်ဆင့် ဈေးကွက်အခြေ အနေများတိုးတက်အောင် တာဝန်ယူဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။

 

“ကျွန်မက မြန်မာနိုင်ငံကနေထွက်သွားခဲ့တာ ကလေးအရွယ်ကတည်းကပါ။ အခုတော့ ကိုယ့်မိခင်နိုင်ငံကို ပြန်လာပြီး မြန်မာပြည်ကို Uber ရဲ့ အောင်မြင်တဲ့ဈေးကွက်သစ်ဖြစ်လာ   အောင် ကြိုးစားရာမှာ ဦးဆောင်ရမှာဖြစ်တဲ့အတွက် အရမ်းပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။   ယာဉ်မောင်းတွေရဲ့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီး Uber က အခြေအနေကောင်း တွေဖန်တီးပေးနေတာကိုလည်း တွေ့မြင်နေရတယ်။ ဒီလိုဖန်တီးပေးရာမှာလည်း ကိုယ်တိုင် ပါဝင် ခွင့်ရတော့မယ်ဆိုတာက ကျွန်မအတွက် အထူးအခွင့်အရေးပါပဲ” ဟု ဒေါ်အိဖြူလွင်က ပြောကြား ပါတယ်။

 

ဒေါ်အိဖြူလွင်ဟာ မြန်မာနိုင်ငံသို့ပြန်လာပြီးနောက် ရိုးမဘဏ်ရဲ့ နိုင်ငံတကာကုန်သွယ်မှုနဲ့ ဘဏ္ဍာရေးရာကိစ္စ ရပ်များကို ပျိုးထောင်ရာမှာ နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ကြီးပွားရေး၊ အမှတ်တံဆိပ် တိုးတက်ရေးနှင့် မြန်မာနိုင်ငံ၏ တိုးတက်လာသည့် ဘဏ္ဍာရေးအခန်းကဏ္ဍတွင် အရည်အသွေးမြှင့်တင်မှုတို့ကို အထူးအလေးထား ဆောင်ရွက်ခဲ့ပါတယ်။ သူမက နည်းပညာ ထောက်ပံ့မှုလိုအပ်နေသူများနှင့် အမျိုးသမီးများ အတွက် အမျိုးသမီးစွမ်းဆောင်ရှင်တစ်ယောက် အနေနှင့်  စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်လာအောင် ကူညီဆောင် ရွက်ရန် စိတ်အားထက်သန် သူလည်းဖြစ်ပါတယ်။

 

မိခင်နိုင်ငံကို ပြန်လာရတဲ့ ခံစားချက်ကို မေးမြန်းကြည့်တဲ့ အခါမှာတော့ “မြန်မာနိုင်ငံနဲ့ ကျွန်မတို့ရဲ့  ယဉ်ကျေးမှုတွေထဲက သဘောကျနှစ်သက်စရာအကောင်းဆုံးကတော့ လူတွေရဲ့ နွေးထွေးမှုနဲ့ ပွင့်လင်းမှုပါပဲ။    ပြန်ရောက်လာကတည်းက  ကားငှားစီးတဲ့အခါ ယာဉ်မောင်းတွေရဲ့ စိတ်ဝင်စားစရာအကြောင်းအရာ အဖြစ်အပျက်တွေကို နားဆင်ပြီး   မြန်မာနိုင်ငံ အလျင်အမြန်တိုးတက်ဖို့ အခွင့်အလမ်းတွေ အပြည့်အဝမြင်ရပါတယ်။ အထူးသဖြင့် လူထုသွားလာရေးနဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှုက ထုထည်ကြီးကြီးမားမားရှိနေပါတယ်။ အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ လူတွေက လမ်းလျှောက်သွားလာ နေရာကနေ ဆိုက်ကား လိုမျိုး  ယာဉ်တွေကို ပြောင်းလဲသုံးစွဲလာကြတယ်။  အခုဆို Uber တောင် စီးနေကြတဲ့ထိ ပြောင်းလဲမှုက တစ်ရှိန်ထိုးပါပဲ။ ကျွန်မအတွက်တော့  ဒါဟာ တမူထူးခြားတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး ဈေးကွက်ကို  ပိုမိုကောင်းမွန်လာအောင် ပုံဖော်လို့ရနိုင်တဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။” လို့ဆိုပါတယ်။

 

Uber ရဲ့ အရှေ့တောင်အာရှဆိုင်ရာ အထွေထွေမန်နေဂျာ Chan Park က “Uber အနေနဲ့ အိဖြူနဲ့ လက်တွဲ လုပ်ဆောင်ရမှာကို ဂုဏ်ယူမိပါတယ်။ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ်လုပ်ငန်းနဲ့ နိုင်ငံတကာကုန်သွယ်ရေးကဏ္ဍ၊ သြစတြေးလျနိုင်ငံ တရားရုံးချုပ်နဲ့ ဗီယက်နမ်နိုင်ငံ အသေးစားငွေချေးလုပ်ငန်းမှာ လုပ်ခဲ့တဲ့အတွေ့အကြုံတွေနဲ့ အတွေးအမြင်ကောင်းတွေရှိတဲ့လူဆီမှာ Uber ရဲ့ တိုးတက်မှုအခန်းတစ်ရပ်ရှိနေတာပါ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့၊ ကျွန်တော်တို့ရဲ့ လက်ရှိအခန်းကဏ္ဍကို ပိုမိုတိုးတက်စေဖို့နဲ့ Uber ရဲ့ မျှဝေစီးနိုင်တဲ့ ဝန်ဆောင်မှု ကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းလင်းပါတယ်” လို့ ပြောကြားပါတယ်။

 

ဒေါ်အိဖြူလွင်ဟာ University of Technology Sydney မှ စီးပွားရေးဆိုင်ရာဘွဲ့ကို ရယူထားပြီး ပြင်သစ်နိုင်ငံ ကမ္ဘာကျော်စီးပွားတက္ကသိုလ် INSEAD မှ ဘဏ္ဍာရေးဆိုင်ရာ မဟာဘွဲ့ကို ရယူထားသူလည်း ဖြစ်ပါတယ်။