Uber သည် ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပိုမိုကောင်းမွန်သည့် ခရီးလမ်းကြောင်းများ၊ ယာဉ်မောင်းများနှင့်အတူ ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အာရှပစိဖိတ်အဖွဲ့အတွက် ဦးဆောင်သူနှစ်ဦးကို ဝမ်းမြောက်စွာ ကြိုဆိုလိုက်ပါသည်။

ဗီယက်နမ်နိုင်ငံသည် အာရှဒေသအတွင်း Uber ဝန်ဆောင်မှုများ အစောဆုံးစတင်ခဲ့သည့်နိုင်ငံများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့သည် Uber ၏ ကမ္ဘာလုံးဆိုင်ရာဈေးကွက်သစ်များထဲတွင် အပါအဝင်ဖြစ်သည်။ အဆိုပါနိုင်ငံအားလုံးသည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအမြန်ဆုံးသော နိုင်ငံများအဖြစ်ရပ်တည်လျက်ရှိသည်။

Charity Safford ကို ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံတို့အတွက် အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ထားခြင်း ဖြစ်ပြီး အဆိုပါနိုင်ငံများတွင် တာဝန်ယူလုပ်ကိုင်သွားရမည်ဖြစ်သည်။ Charity သည် ဟိုချီမင်းမြို့တွင် ရုံးထိုင်မည်ဖြစ်သည်။ ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာထူးချွန်သူတစ်ယောက်ဖြစ်သည့် Charity သည် အရှေ့ဥရောပ၊ အာဖရိက နှင့် အာရှဒေသများရှိ ဆက်သွယ်ရေးကဏ္ဍများ၏ ဦးဆောင်မှုနယ်ပယ်တွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူတစ်ဦး ဖြစ်သည်။

“ကားစပ်တူငှားစီးခြင်းက ဒီနိုင်ငံမှာရှိတဲ့ မြို့ကြီးတွေရဲ့ သွားလာနေထိုင်မှုပုံစံတွေကို ပြောင်းလဲပေးမယ့် နည်းလမ်း တစ်ခုဖြစ်ပြီး လူထောင်ပေါင်းများစွာအတွက် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကိုလည်း ပေးအပ်နေပါတယ်။  ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်တဲ့ဒီဒေသမှာ Uber ရဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုးတက်အောင်မြင်စေဖို့ဆိုတာ တကယ့်ကို ကောင်းမွန်တဲ့အခွင့်အရေးပါပဲ။ ဒါကတော့ ကျွန်မအနေနဲ့ မငြင်းနိုင်တဲ့အချက်ပါပဲ။” ဟု Charity က ပြောကြားခဲ့သည်။

ဗီယက်နမ်နှင့် မြန်မာနိုင်ငံတွင် လက်တလောတာဝန်ယူလုပ်ကိုင်နေသည့် ဦးဆောင်သူနှစ်ယောက်နှင့်အတူ ကမ္ဘောဒီးယားနိုင်ငံ၏ အထွေထွေမန်နေဂျာအသစ်ဖြစ်သည့် Pascal Ly သည် Charity ကို ကူညီပေးသွားမည် ဖြစ်သည်။ Pascal Ly သည် ယခင်က Credit Bureau Cambodia ၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မကြာသေးမီကပင် နိုင်ငံတွင်းလုပ်ငန်းများချဲ့ထွင်လိုသည့် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကိုလည်း အကြံဥာဏ်များ ပေးအပ်ခဲ့သည်။ သူ၏ ပြင်သစ်၊ သြစတြေးလျ၊ စင်္ကာပူနှင့် ကမ္ဘောဒီးယားတို့တွင် လုပ်ကိုင်ခဲ့သည့် များပြားလှသော အတွေ့အကြုံများက ယခုဦးဆောင်မှုနယ်ပယ်ရာထူးအတွက် အမှန်တကယ်ပင် ကိုက်ညီမှုရှိသည်။

“ဘုရင့်မြို့တော်မှာ အခြေကျနေတဲ့ ကမ္ဘောဒီးယားအဖွဲ့နဲ့အတူလက်တွဲလုပ်ကိုင်ရတာ တကယ့်ကို ဂုဏ်ယူစရာပါ။ ကျွန်တော့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကျွမ်းကျင်တယ်။ စိတ်အားထက်သန်မှုအပြည့်ရှိပြီး တက်တက်ကြွကြွရှိတယ်။ အပြောင်းအလဲတစ်ခုဖြစ်တဲ့ ကားစပ်တူငှားစီးခြင်းဝန်ဆောင်မှုကို မိတ်ဆက်ဖို့အတွက်လည်း စိတ်တက်ကြွနေကြပါတယ်” ဟု Pascal က ပြောသည်။

“မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ ကားစပ်တူငှားစီးခြင်းဝန်ဆောင်မှုအတွက် အစိုးရရဲ့အသိအမှတ်ပြုမှု၊ ထောက်ခံမှုတွေနဲ့အတူ Uber က ၂၀၁၈ ခုနှစ်မှာ ဒီသုံးနိုင်ငံစလုံးမှာရှိတဲ့ မြို့တွေမှာ ဝန်ဆောင်မှုကိုမိတ်ဆက်သွားပြီး တိုးတက်မှုခိုင်ခိုင်မာမာရရှိဖို့ မျှော်မှန်းထားပါတယ်” ဟု အာရှပစိဖိတ်စီးပွားရေးအရာရှိချုပ် Brooks Entwistle ကပြောသည်။

“အရှေ့တောင်အာရှဒေသမှာ Uber အတွက် ဖွံ့ဖြိုးတိုးတက်နေတဲ့အခွင့်အလမ်းများစွာရှိပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်တွေနဲ့မတူဘဲ ကျွန်တော်တို့အနေနဲ့ ဒေသအတွင်းမှာ လုပ်ငန်းတွေကို ပိုမိုအလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Brooks က ပြောသည်။ “ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မြန်မာလူမျိုးတွေရဲ့ စွန့်ဦးတီထွင်လုပ်ကိုင်လိုစိတ်ရှိခြင်းက တကယ့်ကိုအံ့အားသင့်စရာပါပဲ။ Charity ၊ Pascal တို့နဲ့အတူ လက်တွဲပြီး ကျွန်တော်တို့အနေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်တော့မှာဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု ၎င်းမှ ထပ်လောင်းပြောကြားခဲ့ပါသည်။

Uber Technologies