Uber နှင့် ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးမြန်မာလီမိတက် (OML) တို့သည် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ယနေ့လက်မှတ်ရေးထိုးလိုက်သည်။ အဆိုပါစာချွန်လွှာသည် ရန်ကုန်မြို့အတွင်း အများပြည်သူများအနေဖြင့် လွယ်ကူစွာခရီးသွားလာနိုင်မှုနှင့် ဆက်သွယ်နိုင်မှုတို့အတွက် ရေရှည်မဟာဗျူဟာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၏ ပထမဆုံးခြေလှမ်းဖြစ်သည်။

“ပူးပေါင်းဆောင်ရွက်ခြင်းကတော့ Uber အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့လုပ်ဆောင်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံဈေးကွက်ကို စတင်ဝင်ရောက်စဉ်က ကျွန်မတို့အနေနဲ့ ရန်ကုန်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အခုလိုဈေးကွက်ကျယ်ပြန့်လာတဲ့အချိန်မှာလည်း အူရီဒူးမြန်မာနဲ့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်မြို့အတွင်း ခရီးသွားလာမှုပုံစံနဲ့ အချင်းချင်းဆက်သွယ်တဲ့ပုံစံတွေကို အတူလက်တွဲပြောင်းလဲသွားဖို့ ရည်ရွယ်ထားပါတယ်။ Uber နဲ့ အူရီဒူးတို့အကြား အခုလိုပူးပေါင်းဆောင်ရွက်မှုက မြန်မာ့ဒီဂျစ်တယ်အသွင်ပြောင်းလဲခြင်းအတွက် အရေးပါတဲ့ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု Uber ၏ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ Charity Safford က ပြောသည်။

မြန်မာနိုင်ငံသည် Uber ၏ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသည့် အာရှဈေးကွက်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းရှိ မြို့များ၊ ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် ဝန်ဆောင်မှုများပေးရန်နှင့် ဒေသတွင်းဆက်သွယ်ရေးဦးဆောင်သူနှင့်အတူ ဒေသခံပြည်သူများ၏နေရာမှရပ်တည်ပြီး ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာပေးအပ်သွားရန်ဟူသည့် Uber ၏ လေးနက်သည့်ကတိကဝတ်ကို ဖော်ညွှန်းပြသနေခြင်း ဖြစ်ပါသည်။

အူရီဒူးမြန်မာသည် Uberလက်တွဲဖော်ယာဉ်မောင်းများအနေဖြင့် ၎င်းတို့၏နေ့စဉ်ဘဝတွင် မိုဘိုင်းဖုန်း အသုံးပြုခြင်းကြောင့် ကုန်ကျနေသည့်စရိတ်များကို လျှော့ချနိုင်ရန်အတွက် အထူးစီစဉ်ထားသည့် ပက်ကေ့ခ်ျအစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ အဆိုပါပက်ကေ့ခ်ျတွင် အပိုဆုများအဖြစ် Uber လက်တွဲဖော်ယာဉ်မောင်းများအနေဖြင့် Uber အက်ပလီကေးရှင်းကိုအခမဲ့အသုံးပြုနိုင်မည်ဖြစ်ပြီး ဒေတာအသုံးပြုခြင်း၊ စာတိုပေးပို့ခြင်းနှင့် ဖုန်းခေါ်ဆိုမှု ဝန်ဆောင်မှုများကိုလည်း အထူးဈေးနှုန်းများဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူး၏အထူးအစီအစဉ်နှင့် Uberသည် မြန်မာနိုင်ငံတွင် လက်တွဲဖော်ယာဉ်မောင်းများအား အက်ပလီကေးရှင်းကို အခမဲ့အသုံးပြုခွင့်ပေးသည့် ပထမဆုံးသော တက္ကစီဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်ပြီး လက်တွဲဖော်ယာဉ်မောင်းများ ကိုလည်း ကုန်ကျစရိတ်များလျှော့ချနိုင်ပြီး ဝင်ငွေပိုမိုမြင့်မားလာစေရန်အတွက် ကူညီပေးလျက်ရှိပါသည်။

“ဒီအစီအစဉ်က ကျွန်မတို့အတွက်တကယ့်ကို အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ ဒေတာသုံးစွဲမှုကုန်ကျစရိတ်က အထူးသဖြင့် ဝင်ငွေပေါ်မှီတည်နေရတဲ့သူတွေအတွက် ဘယ်လောက်တောင် ထိခိုက်မှုရှိသလဲဆိုတာ  ကျွန်မတို့သိထားလို့ပဲ ဖြစ်ပါတယ်” ဟု Uber ၏ မြန်မာနိုင်ငံဆိုင်ရာ အထွေထွေမန်နေဂျာ ဒေါ်အိဖြူလွင် ကပြောသည်။

ထိပ်တန်းဦးဆောင်နည်းပညာလုပ်ငန်းနှစ်ခုမှ ခရီးသည်များအတွက် မြို့တွင်းတွင် ပိုမိုလွယ်ကူသည့် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖန်တီးပေးရန်နှင့် Uber ၏ ဝန်ဆောင်မှုများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသေးသည့် ခရီးသည်များအနေဖြင့် ဝန်ဆောင်မှုကိုအသုံးပြုလာစေရန်ဟူသည့် လုပ်ငန်းမူဘောင်အပေါ် သဘောတူညီထား ကြသည်။  

ဤမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ခြင်းသည် လွန်ခဲ့သည့် လေးနှစ်၊ မြန်မာနိုင်ငံသို့ အူရီဒူးမြန်မာကဲ့သို့သော ဆက်သွယ်ရေးကုမ္ပဏီများ ဝင်ရောက်လာသည့်အချိန်မှစတင်၍ နိုင်ငံတွင်းတစ်ဟုန်ထိုး             တိုးတက်နေသည့် ဒီဂျစ်တယ်အသွင်ပြောင်းလဲမှုအတွက် ခြေလှမ်းအသစ်တစ်ခုဖြစ်ပါသည်။ အဆိုပါ ဦးဆောင်နည်းပညာလုပ်ငန်းနှစ်ခုသည် ၎င်းတို့၏ ဝန်ဆောင်မှုများမှတစ်ဆင့် ဆက်သွယ်ရေးနှင့် နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ တိုးမြင့်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီထားပြီးဖြစ်ပါသည်။

“အူရီဒူးအနေနဲ့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ဒီဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်အခုအဖြစ် ပံ့ပိုးကူညီသွားဖို့ ကတိကဝတ်ပြုထားပါတယ်။ အူရီဒူးအနေနဲ့ နည်းပညာစွမ်းအားနဲ့အတူ လုပ်ငန်းဆောင်ရွက်နေတဲ့ဒေသမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ လူနေမှုပုံစံမြင့်တက်လာစေဖို့အတွက် ကူညီပေးသွားဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။ အခုလို မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ခြင်းက ပြည်သူတွေရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ဖို့ အလားအလာရှိတဲ့ လုပ်ဆောင်ချက်တွေ ဖော်ဆောင်ပေးနိုင်ရုံသာမက ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆီကို ဦးတည်နေတဲ့မြန်မာနိုင်ငံရဲ့ နောက်ထပ်သော ခြေလှမ်းတွေအတွက်လည်း အားဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်” ဟု အူရီဒူးမြန်မာလီမိတက်၏ အမှုဆောင်အရာရှိချုပ် Mr. Vikram Sinha မှပြောသည်။